ဘယ်ကျောင်းကလဲလို့မေးရင် ထ (၄)က လို့ အမြဲ ဂုဏ်ယူစွာ ပြောနိုင်အောင်ဘဲ တောင်ကြီး အ.ထ.က (၄) က တောင်ကြီးမြို့ ဂုဏ်ဆောင် ကျောင်းတစ်ကျောင်း ဆိုရင် မမှားဘူး ထင်ပါတယ်။
အ.ထ.က (၄) ရဲ့ ကျောင်းတော်ရိပ်ကို ငါးတန်းကျောင်းသူ အဖြစ်နဲ့ စတင် ခိုလှုံခဲ့တယ်။ အလွန်စည်းကမ်းကြီးတဲ့ ကျောင်းအုပ်ဆရာမကြီး ဒေါအေးချစ် ကို အရင်ဆုံး သိခဲ့ရတယ်။ ဆရာမကြီး ကျောင်းတစ်ပါတ်လှည့်ကြည့်လိုက်ရင် ကျောင်းကြီး တစ်ကျောင်းလုံး အပ်ကျသံတောင် မကြားရအောင် တိတ်သွားခဲ့တယ်ဆိုရင် ဘယ်လောက်စည်းကမ်းကြီးတယ်ဆိုတာ မှန်းကြည့်လို့ ရမှာပါ။
တောင်ကြီးမှာ ကျောင်းတက်ရတာနဲ့ တခြားမြို့တွေမှာ ကျောင်းတက်ရတာနဲ့ အဓိက ကွာခြားချက်ကိုတော့ တန်ဆောင်တိုင်ရောက်တိုင်း မေ့နိုင်ကြမှာ မဟုတ်ပါဘူး။ တန် ဆောင်တိုင်နားနီးရင် တောင်ကြီးက ကျောင်းသားတွေကို ဘယ်လိုမှ စာကျက်ခိုင်းလို့ မရတော့လို့ ဆရာမ အားလုံး စိတ်ညစ်ကြရတယ်။ အားလုံးရဲ့ စိတ်က ဘုံကထိန်ဆီ ရောက်နေပြီလေ။ အားလုံးက ဒီတစ်နှစ် ဘာအရုပ်ချိုးမယ်။ တစ်ခြားကျောင်းထက် ဘယ်လို သာအောင် လုပ်မယ်ဆိုတာ နေ့မအား ညမအား စဉ်းစားနေကြတယ်။ ဘုံကထိန်က အတန်းထဲက ကျောင်းသားတွေကို ပိုပြီး စည်းလုံးစေခဲ့တယ်။ ဒီလို အတွေ့ အကြုံမျိုးကို တခြား ဘယ်မြို့က ကျောင်းသားမှ ရနိုင်မှာ မဟုတ်ဘူးလို့ ကျမထင်တယ်။
ချယ်ရီဆိုလို့ ကျမ မှတ်မိသလောက် ၆တန်း ၇တန်းလောက်အထိ ကျောင်းထဲမှာ ချယ်ရီပင် အချို့ ရှိခဲ့တယ်။ ချယ်ရီပန်းတွေ ပွင့်ချိန်ရောက်ရင် ဆရာမတွေကော ကျောင်းသားတွေပါ ချယ်ရီပန်းတွေ အလုအယက် ခူးခဲ့ကြဖူးတယ်။ နောက်ပိုင်းတော့ အမှုမဲ့ အမှတ်မဲ့ ဖြစ်သွားခဲ့ပါတယ်။ ကျောင်းဝင်းထဲမှာ ချယ်ရီပင်တွေ ရှိသေးလားဆိုတာ အခုမှ ပြန်စဉ်းစားမိတယ်။
P.S ကျောင်းရဲ့ပုံကို တင်ပေးချင်ပေမယ့် ကျောင်းနဲ့ ဝေးတဲ့ တစ်နေရာမှာ ရောက်နေလို့ မတင်ပေးနိုင်လိုက်ဘူး။















