ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၌ နှစ်စဉ် ကျင်းပလျှက်ရှိသော တန်ဆောင်တိုင် မီးပုံပျံ ပြိုင်ပွဲမှာ တောင်ကြီးမြို့ အတွင်းရှိ ရပ်ကွက်အသီးသီးမှ လည်းကောင်း ၊ မြို့နယ် / ကျေးရွာ များမှာ လည်းကောင်း အသီးသီး ပါဝင်ပြိုင်ပွဲဝင် ဆင်နွှဲကြပါတယ်။ တန်ဆောင်တိုင် မီးပုံပျံပြိုင်ပွဲကို တောင်ကြီးမြို့၏ ထင်ရှားတဲ့ စေတီတစ်ဆူဖြစ်တဲ့ “ စူဋ္ဌာမုနိစေတီတော်ကြီး ” အနီးမှာ ကျင်းပလေ့ ရှိပါတယ်။ အင်း… ယခု ၂၀၀၇ ခုနှစ် တန်ဆောင်တိုင် ပွဲတော်ကိုတော့ အရင် ကျင်းပနေကျ စူဋ္ဌာမုနိ စေတီတော်ကြီး အနီးရှိကွင်းမှာ မဟုတ်တော့ဘဲ ဘူတာအနီးရှိ ကွင်းကြီးသို့ ပြောင်းရွှေ့ ပြုလုပ်သွားမယ်လို့လဲ သိရတယ်။
တန်ဆောင်တိုင် မီးပုံပျံပြိုင်ပွဲမှာ မီးပုံပျံအစီအစဉ်ကို နှစ်ပိုင်းပိုင်းပြီး ကျင်းပလေ့ ရှိပါတယ်။ နေ့ခင်ပိုင်း နှင့် ညခင်းပိုင်းဟူပြီး နှစ်ပိုင်းပိုင်းခြားပြီး တန်ဆောင်တိုင် မီးပုံပျံပြိုင်ပွဲကြီးကို ကျင်းပလေ့ ရှိပါတယ်။ နေ့ခင်ပိုင်းမှာတော့ တိရိစ္ဆာန်ရုပ်ပုံ အမျိုးမျိုးကို ပုံဖော်ကာ ယှဉ်ပြိုင်ကြပါတယ်။ ခြေလေးချောင်း၊ ခြေနှစ်ချောင်း၊ ငါး စသည့် ရုပ်ပုံအမျိုးမျိုး ပြုလုပ်ကာ ယှဉ်ပြိုင်ကြပါတယ်။ ညအစီအစဉ်မှာတော့ စိန်နားပန်နဲ့ မီးကျည်ဆိုပြီး ယှဉ်ပြိုင်ကြ ပါတယ်။ စိန်နားပန်ကတော့ မီးပုံတွေနဲ့ အလှစင်ပြီး အောက်မှာ အလှဆင် စာတန်းတွေနဲ့ လွှတ်တင်တဲ့ မီးပုံမျိုး ဖြစ်ပါတယ်။ မီးကျည်ကတော့ မီးကျည်၊ မီးပန်းတွေနဲ့ ကောင်းကင်ကို အလှတန်ဆာဆင်တဲ့ မီးပုံမျိုး ဖြစ်ပါတယ်။ အခု ကျွန်တော် သိသလောက် ပြိုင်ပွဲဝင် မီးကျည် မီးပုံပျံ ပြုလုပ်ပုံကို အပိုင်းလိုက် ပြောပြပေး ပါမယ်။
၁ ။ မီးပုံပျံ
ကျွန်တော်တို့ ပြိုင်ပွဲဝင် မီးကျည်မီးပုံပျံကို ပြုလုပ်တော့မယ်ဆို ရှမ်းစက္ကူ (မှိုင်းခံစက္ကူ) အကောင်းဆုံးကို ရှမ်းစက္ကူ ပြုလုပ်ရာ နယ်အသီးသီးသို့ မှာယူရပါတယ်။ ထို့နောက် အကောင်းဆုံး ရှမ်းစက္ကူတွေကို အချိုးတိကျစွာ တိုင်းကာ တညီတညာ တစ်ရွက်ချင်းစီ ခေါက်ကြရပါတယ်။ အဲဒီနောက် တညီတညာ ခေါက်ထားတဲ့ ရှမ်းစက္ကူတွေကို တစ်ရွက်ချင်း ကော်ဖြင့် ကပ်ရပါတယ်။ အဲဒီနောက် ကော်ကပ်ထားတဲ့ ရှမ်းစက္ကူကို အချင်းညီမျှစွာ ဖြတ်ပြီး မီးပုံပျံခေါင် (မီးပုံပျံ၏ ထိပ်အ၀ိုင်း) ကို အချင်း ညီမျှစွာ ဖြတ်ကာ မီးပုံပျံ ခေါင်ကို ပြုလုပ်ပါတယ်။ အဲဒီနောက် မီးပုံပျံ ကိုယ်ထည်ကို မီးပုံပျံခေါင်၏ အချင်းနှင့်အညီ ပြုလုပ်ရပါတယ်။ အဲဒီနောက် မီးပုံပျံဖင် (မီးပုံပျံ အောက်ပိုင်းကို) ကိုယ်ထည်နှင့် အချိုးညီဆက်ပြီး ပြုလုပ်ရပါတယ်။ အဲဒီနောက် မီးပုံပျံ (မီးပုံပျံ၏ ထိပ်အ၀ိုင်း)၊ မီးပုံပျံကိုယ်ထည် နှင့် မီးပုံပျံဖင် (မီးပုံပျံ အောက်ပိုင်းကို) ဆက်ကာ မီးပုံပျံတစ်လုံး ကိုရရှိပါတယ်။ မီးပုံပျံ၏ ခေါင်ပိုင်းမှာ (၂၄) ပစ္စည်း၊ နေကြာပန်း စသည့် ပုံအမျိုးမျိုးကို ပုံဖော်လေ့ ရှိပါတယ်။ မီးပုံပျံ ကိုယ်ထည်မှာတော့ ကိုယ့်စိတ်ကြိုက် ပုံဖော်ကြပါတယ်။ အဲဒီလို ပြီးစီးတဲ့နောက်မှာတော့ မီးပုံပျံ မှိုင်းအားခံနိုင်ရန် ပိတ်စအဖြူ ၂လက်မလောက်ကို ကော်သုတ်ကာ မီးပုံပျံ အလျားလိုက်ကို ကပ်ပါတယ် အဲဒါကို ကျွန်တော်တို့ အခေါ်တော့ (ပတ်တီး လိုက်တယ်လို့) ခေါ်ကြပါတယ်။ အဲဒီလို ပြီးစီးတဲ့နောက်မှာ ၀ါးကို အ၀ိုင်း ပြုလုပ်ကာ မီးပုံပျံဖင် (မီးပုံပျံ အောက်ပိုင်း) တွင် ၀ါးကို အ၀ိုင်းပြုလုပ်ကာ တပ်ဆင်ကြပါတယ်။ အဲဒီ ၀ါးအ၀ိုင်းကို (သ၀ဂွေ) လို့ ခေါ်ပါတယ်။ အဲဒီ သ၀ဂွေမှာ မီးစာနှင့် မီးကျည်ဂွေ ထည့်ကြပါတယ်။ ထိုကဲ့သို့ အားလုံး ပြီးစီးပြီးနောက် မီးပုံပျံကို ပြန်စစ်တဲ့ အနေနဲ့ မှိုင်းဖြူခံပြီး စစ်ဆေးလေ့ ရှိပါတယ်။ (မှိုင်းဖြူ ခံတယ်ဆိုတာ လွှစာမှုန့် စသည့် မီးခိုဖြူ ထွက်သည့် ပစ္စည်းများကို မီးရှို့ကာ မှိုင်းခံခြင်း ဖြစ်ပါတယ်)။ အဲဒီလို အဆင့်ဆင့်ပြုလုပ်ပြီးမှ ပြိုင်ပွဲဝင် မီးပုံပျံ တစ်လုံးကို ရရှိပါတယ်။ (ကျေးဇူးပြုပြီး ပြိုင်ပွဲဝင် မီးပုံပျံပြုလုပ်ပုံ အပိုင်း (၂) တွင် မီးစာနှင့် မီးကျည်ဂွေ ပြုလုပ်ပုံကို ကျွန်တော် သိသလောက် ပြောပြပေးပါမယ်)
P.S (ကျွန်တော်သိသလောက် ပြောပြရပါသဖြင့် အမှားယွင်းများနှင့် လိုအပ်သည်များ ရှိခဲ့ရင် တောင်းပန် ပါတယ်ခင်ဗျာ)
တောင်ကြီးမှာ ဘူတာရုံရှိကြောင်းတောင် မမှန်းဆိလိုက်ဝူး…
ဒေသခံ အခေါ်အဝေါ်နဲ့ သုံးနှုန်းပြီး ရေးထားလို့ စာလုံးပေါင်းတွေက မှားနေတယ်
တစ်ခြားလူမျိုးတွေ ဖတ်တတ်ပါ့မလား.. ဖတ်ပြီး နားလည်ပါ့မလားတောင် မသိဘူး..
ဟား..ဟား… ရှင်ပြိုင်လို့ အင်းသားအသံထွက်ပြီး မရေးနဲ့ .. ယှဉ်ပြိုင်လို့ ဗမာအသံ
ထွက်ပြီးရေး…တော်ကြာ စာပေ စီစစ်ရေးနဲ့တိုးနေမယ်.. ဟီး
ဒါကတော့ စာပေစိစစ်ရေး ရှေ့ပြေးဖြစ်မယ်။
ကို လွင်မိုး မအားလို့ ကိုယ်စားလုပ်ပြီး ၀င်ပြင်ပေးလိုက် ပါတယ်။