၁၈၉၄ ခုနှစ် ၊ စက်တင်ဘာလ (၁၅) ရက်နေ့ တွင်စတင်တည်ထောင်ခဲ့သော ရှမ်းပြည်နယ်တောင်ပိုင်း၏မြို့တော် တောင်ကြီးမြို့  ဘေးပတ်လည် တစ်လျှောက် တောင် တန်းများဝန်းရံလျက် ရှိသလို ၊ တောင်တန်းများပေါ်တွင် လည်း စေတီများ နှင့် တင့်တယ်လျက် ရှိပါသည် ။ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးတွင်ရှိသော များပြား လှစွာသောစေတီပုထိုး ရုပ်ပွားတော်များ ၊ ဘုန်းကြီးကျောင်းများ ၊ စာသင်တိုက်များကို ကြည့်ခြင်းအား ဖြင့် တောင်ကြီး မြို့ သူ ၊ မြို့ သားများ ၏ သဒ္ဒါတရားကို သိနိုင်ပေသည် ။ ၄င်းများပြားလှသောစေတီပုထိုးရုပ်ပွား တော်များမှ ကျွန်တော်လေ့လာသိရှိ သလောက် ပြန်လည် ရေးသားခြင်းဖြစ်ပါသည် ။
၁။ စူဠာမုနိလောကချမ်းသာစေတီ
စူဠာမုနိလောကချမ်းသာစေတီသည် တောင်ကြီးမြို့၏ အရှေ့တောင်အရပ်ရှိ ဂေါက်ကွင်း အနီးတည်ရှိသော မြေပြန်အကျယ်ဧက (၁၁) ဧက ခန့်ရှိပြီး ၊ အမြင့်ပေ (၃၀၀)ပေ ခန့်ရှိသောကုန်းမြေပေါ်တွင် စေတီကို တည်ထားခဲ့သည်။ စူဠာမုနိလောကချမ်းသာစေတီ ကို စတင်တည်ထားကိုးကွယ်ခဲ့သော ခုနှစ်သည် တောင်ကြီးမြို့ နှစ် (၁၀၀) ပြည့်အချိန်အခါ နှင့် တိုက်ဆိုင်နေလေသည်။
စူဠာမုနိလောကချမ်းသာစေတီတော်ကြီး၏ ဥာဏ်တော်အမြင့်မှာ (၁၀၈) ပေ၊ အထွဋ်စေတီတော်အမြင့် (၂၀) ပေ၊ကွန်းတော်အမြင့် (၂၄) ပေ၊ အာရုံခံတိုက်မအကျယ် (၁၁၃)ပေ၊ဖိန်ပတော်အလျား (၁၇၇) ပေ ၊ လှိုဏ်ပတ်လမ်း (တစ်ဖက်) (၈၈) ပေ ၊ အထွဋ်စေတီ (၁) ဆူ၊ ကွန်းတောင်အရံစေတီ (၄) ဆူ ၊ တိုက်မအရံစေတီ (၄)ဆူ မုခ်ဦးစေတီ (၈)ဆူ တို့ဖြင့်တည်ထားကိုးကွယ်ခဲ့ပါသည်။
စူဠာမုနိလောကချမ်းသာစေတီ၏အဓိပ္ပါယ်မှာ -
စူဠာ = အထွဋ်အထိပ်၊ ဦးစွန်း ၊ မကိုဋ် ၊ ဥသျှောင်
မုနိ = ဘုရား
လောက = သတ္တ၊ သင်္ခါရ၊ သြကာသ ၊ လောကသုံးပါး
ချမ်းသာ = ကိုယ် ၊ စိတ်ချမ်းသာမှု
လောကသုံးပါးလုံး၏သတ္တ၀ါဝေနေယျအားလုံးကိုယ် စိတ်နှစ်ပါးချမ်းသာစေရန်ရည်ရွယ် ပြီး တောင်ထိပ်ပေါ်တွင် တည်ထားကိုးကွယ်သည့်ဘုရား အထွဋ်အထိပ် ဘုရားဟု အဓိပ္ပါယ်ရ ပါသည်။
PS . ( တောင်ကြီးမြို့ မှစေတီရုပ်ပွားတော်များ အပိုင်း (၂) တွင် ရွှေဘုန်းပွင့်စေတီနှင့် ဓါတ်ပေါင်းစုရွှေစေတီ (မြစိမ်းတောင်စေတီ) အကြောင်းများကို ဖော်ပြပေးသွားပါမည်။)